ညီလေးသို့/
ညီလေးရေ မင်းကံဆိုးပါတယ်ကွာ မင်းအတွက် အကို ဘာမျှ လုပ်မပေးနိုင်ခဲ့ဘူး။အကိုက မင်းကို ဆယ်တန်းမှာ ဂုဏ်ထူးတွေအများကြီးပါပြီး အဆင့်မြင့်တဲ့ တက္ကသိုလ်တွေကို တတ်စေချင်တာ။မင်းဘဝအတွက်ပါကွာ။အထူးသဖြင့် မဆင်းရဲရအောင်လို့ပေါ့ကွာ။မဆင်းရဲရအောင်ဆိုလို့ ချမ်းသားရမယ်လို့ အကိုမဆိုလိုပါဘူး။ပညာနဲ့ အသက်မွေးရတာရဲ့ မွန်မြတ်ခြင်းကို အကိုပြောတာပါ။ငါညီ စဉ်းစားကြည့်စမ်းကွာ။ငါတို့တွေ ပညာမတတ်ခဲ့ကြလို့ အကိုတစ်ယောက် မသေသင့်ဘဲ သေခဲ့ရတယ်။ပညာမဲ့တဲ့ ပတ်ဝန်းကျင်မှာ အကိုတို့ ရှင်သန်ခဲ့ရတယ်။သေစာ၊ရှင်စာတတ်ရင် လုံလောက်ပြီဆိုတဲ့ ပတ်ဝန်ကျင်အောက်မှာပဲ အကိုတို့တတွေ ကြီးပြင်းခဲ့ရတယ်။သူတို့တတွေကြားထဲမှာတော့ ပညာတတ်ဘွဲ့ရတစ်ယောက်ကို မျက်စိဆံပင်မွှေး ဆူးချင်စူးလိမ့်မယ်။ဒါပေမဲ့ သူတို့တတွေရဲ့ အကြည့်အောက်မှာ ဘယ်တော့မှလဲမသွားပါနဲ့ ငါ့ညီ။လောကကြီးမှာ အင်အားကြီးတဲ့သူက အင်အားငယ်တဲ့သူကို နိုင်စမြဲပါ။ငါ့ညီသိထားရမှာက ကိုယ့်မှာရည်ရွယ်ချက်ရှိတယ်။ပန်းတိုင်ရှိတယ်။ဒါတွေကို အခုအချိန်မှာတော့ ခဏလေး လျစ်လျှူရှုထားပေါ့။အကိုပြောတာက သူကိုကို အငြိုးထားခိုင်းတာ မဟုတ်ဘူးနော်။သူကိုက အကိုတို့နဲ့စာရင် အများကြီးပညာမတတ်ဘူးလေ။သူတို့သိတာက သူများကောင်းစားရင် ငြိုငြင်မယ်။ကောင်းစားသွားမှာကို မလိုလားဘူး။ဒါကို ကိုယ့်ဘက်က ခွင့်လွှတ်တတ်ရမယ်ညီ။ရွာဆိုတယ့် သဘောက ရိုးသားပါတယ်။ကိုယ်ကကောင်းရင် သူတို့ကလည်း ကျေးဇူးသိတတ်ကြပါတယ်။အကိုက ညီကို ပညာတတ်ကြီးတစ်ယောက် ဖြစ်စေချင်တာ။ဒါပေမဲ့ အကို ညီအတွက် ဘာမျှ ပံ့ပိုးပေးနိုင်မယ်မထင်ဘူး။ညီက ဆယ်တန်းဆိုတဲ့ ခွေးတိုးပေါက်ရောက်တဲ့အချိန်မှာ အကိုက ကျောင်းမပြီးသေးဘူး။အကိုကျောင်းပြီးရင် ညီကို ဆယ်တန်းရောက်တဲ့အချိန်မှာ နာမည်ကြီးဝိုင်းတစ်ခုခုမှာ မဖြစ်ဖြစ်အောင် ထားပေးမှာ။ဆယ်တန်းဆိုတာ ခွေးတိုးပေါက်ပဲ ညီလေးရ။ဒီခွေးတိုးပေါက်ကြီးကို အမှတ်ကောင်းကောင်းနဲ့ ရအောင်တိုးနိုင်မှ တော်ရာကြမှာ။အကိုလည်း ဒါကို တက္ကသိုလ်ရောက်မှ သိတာပါ။အကိုဆယ်တန်းတုန်းက ဘဝအတွက် ဘာမျှသိပ်မစဉ်းစားမိဘူး။စာပဲ ရအောင်ကျက်ခဲ့တယ်။ညီ တကယ်လို့ အကိုလို ရိုးရိုးဝိုင်းမှာပဲနေမယ်ဆိုရင် အလွန်ဆုံးရမှ ၄၅၀ဝန်းကျင်ပဲ ရမှာပေါ့။ဒါတောင် ညီက အပြင်းအထန် တစ်နှစ်လုံးကြိုးစားမှ။ဆယ်တန်းဖြေပြီးမှ အကိုသိလာတာက အမှတ်ဆိုတာ ဖြေနိုင်တိုင်းရတာမဟုတ်ဘူးညီ။အကိုဆို အမှတ်တွေ အများကြီးလျော့ခံရတယ်။ပြောချင်တာက ကြိုးစားတိုင်း အရာမရောက်သာပေါ့ကွာ။ငါ့ညီကို အကိုလို မဖြစ်စေချင်ဘူး။ဒါပေမဲ့ အခုအချိန်မှာ အကို ဘာမျှ မတတ်နိုင်ဘူးလေ။ငါ့ညီကို ဝိုင်းကောင်းကောင်း မထားပေးနိုင်တော့မှာမို့လို့ အကိုတစ်ယောက်အနေနဲ့ ယူကျုံးမရ ဝမ်းနည်းမိတယ်။ငါတုန်းကရော ဘယ်သူကများ ဝမ်းနည်းခဲ့တုန်းကွာ။ပညာကိုတန်ဖိုးမထားတတ်တဲ့ ပတ်ဝန်းကျင်မှာ အကိုအတွက် ဝမ်းနည်းပေးတဲ့သူမရှိတာ ဆန်းတော့ မဆန်းပါဘူး။ဒီတော့ ငါ့ညီရာ။အကိုလည်း ဒီလိုပတ်ဝန်းကျင်အောက်မှာ ကိုယ့်လမ်းကို ကိုယ့်ဘာသာကို လျှောက်သလို ငါ့ညီလည်း ကိုယ့်ဘာသာကို လျှောက်တော့ပေါ့ကွာ။ဘဝဆိုတာ တကယ်တော့ နေတတ်ရင် ပျော်စရာကောင်းပါတယ်ကွာ။